ဘုရားသခင်၏ လင်းယုန်ခရစ်ယာန်များ (၁)

ထာဝရ ဘုရားကို မြှော်လင့်သော သူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင်ကို အသစ် ပြုပြင် ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ။ (ဟေရှာယ ၄၀း၃၁)


ကျမ်းစာထဲတွင် ယုံကြည်သူ ခရစ်ယာန်များကို ဘုရားသခင်က ပုံစံပြကာ တူညီစေချင်သော အရာအများအပြား ရှိပါသည်။ ဥပမာ စပျစ်ပင်နှင့် ချိတ်ဆက်လျက်ရှိသော စပျစ်ခက်၊ မြစ်နားတွင်ရှိသော သစ်ပင်၊ တောင်ကုန်းပေါ် မှအလင်းရောင်၊ သိုး၊ ဆား၊ ပြေးပွဲတွင် ၀င်သော အပြေးသမား၊ နပန်းသမား၊ စစ်သား နှင့် ယခု ကျမ်းပိုဒ်တွင် ဖော်ပြခဲ့သော လင်းယုန်ငှက်တို့ ဖြစ်သည်။
ယခု ဤနေရာတွင် ဖော်ပြလိုသည်မှာ ကျွန်တော်တို့၏ ရှင်းလင်း ပြတ်သားသော ပန်းတိုင်မှာ ဘုရားသခင်၏ လင်းယုန် ခရစ်ယာန်များ ဖြစ်လာရန်ပင် ဖြစ်ပါသည်။

အချက် (၁)
ဘုရားသခင်သည် အခြားငှက်များကို ရွေးချယ်ပြီး ဥပမာပေး ပြောဆိုခြင်းမရှိဘဲ ကျွန်တော်တို့ကို လင်ယုန်ငှက် နှင့် နိုင်းယှဉ် ပုံပြသောကြောင့် ကျွန်တော်တို့သည် အလွန်ဝမ်းသာစရာပင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန် တကယ်ပင် လင်းယုန်ငှက်ကဲ့သို့ ဖြစ်စေချင်သည်။ အခြားငှက်များကဲ့သို့ မဖြစ်ချင်ရခြင်း အကြောင်းကို အနည်းငယ် ပုံပြပြောဆိုပါရစေ။ ဥပမာ ကြက် တစ်ကောင် အကြောင်းကို တွေးကြည့်ပါ။ ထိုကြက်သည် လယ်ယာတောတွင်သာ အချိန်ကုန်နေရပြီး၊ မြေကြီးကိုသာ တစ်ချိန်လုံး ယက်နေပြီး အစာရှာခြင်း အလုပ်ကိုသာ တစ်ချိန်လုံး လုပ်နေသည်။ ကျွန်တော်တို့ကို ကြက်နှင့်တူရန် ပုံဥပမာပြပြီး မပြောဆိုခဲ့သောကြောင့် ဘုရားသခင်ကို အလွန် ကျေးဇူးတင်ပါသည်။

ကြက်များသည် အုပ်စုဖွဲ့ကာနေထိုင်ကြသည်။ ကြက်တစ်ကောင်သည် အခြားကြက်အုပ်တစ်အုပ်ကို မြင်လိုက်ပါက အလျင်အမြန် ပြေးသွားကာ ထိုကြက်အုပ် နောက်လိုက် အဖြစ် ဆက်လက်နေထိုင်ပါသည်။ သူတို့သည် ဘယ်သွားနေသလဲ၊ ဘာလုပ်နေသလဲ။ သူသည် ဘာကြောင့် ထိုကြက်အုပ်တွင် ပေါင်းသင်း နေထိုင်နေပါသလဲ… အစရှိသည်တို့ကို တွေးတောနေဆင်ခြင်လေ့မရှိပါ။

ကြက်များသည် များသောအားဖြင့် ကတော် ကတော်ဖြင့် စကားများမည်။ တစ်ကောင်နှင့် တစ်ကောင် ခွတ်မည်။ ကြက်တစ်ကောင်က ကောင်းသောအစာ တခုခုကို ရသွားလျှင် သူရမည်အထင်နှင့် သူလည်း မြေကြီးကို ဆက်လက်ယက်လိမ့်မည်။ သူတို့ ကျင်လည်ရသော နေရာသည် အင်ဆက်ပိုးများနှင့် ပိုးကောင် အသေးအမွှား လေးများအကြားတွင်သာ အသက်ရှင်ဘို့ စိတ်ကူးသည်။ ကြီးမားသော အရာများ အတွက် မစဉ်းစားကြချေ။

သူတို့သည် ကောင်းကင်တွင် ပျံသန်းရန်လည်း စိတ်မ၀င် စားကြချေ။ သူတို့သည် အမြဲတမ်း ကြက်ခြံထဲမှာ သို့မဟုတ် လယ်ကွင်းပြင် ထဲတွင်သာ အသက်ရှင်နေကြသည်။ သူတို့၏ မျက်လုံးများသည် အမြဲတမ်း မြေကြီးတွင်သာ ရှိနေကြပြီး ဖုန်မှုန့်များတွင် တစ်စုံတစ်ရာ ရရှိရန် မြေကြီးကိုသာ ယက်နေကြသည်။ သူတို့သည် ကောင်းကင်တွင် ဘယ်သောအခါမျှ မရှိနိုင်သည့် မြေကြီးပေါ်မှ သတ္တ၀ါ တစ်ကောင်မျှသာဖြစ်သည်။

အထက်ပါ ကြက်တစ်ကောင်၏ အဖြစ်အပျက်နှင့် အခြေအနေကို သင်မြင်ရပြီဆိုပါက ကျွန်တော်တို့သည် ကြက်တစ်ကောင်နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရနိုင်သော လင်ယုန်ငှက် တစ်ကောင်၏ နေထိုင် အသက်ရှင်မှုဘ၀ ကို သိမြင် နားလည် နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ကြက်တစ်ကောင်သည် နယ်နမိတ် အကန့်အသတ် ဖြင့် နေထိုင်ရပြီး ငြီးငွေ့စရာကောင်းသော အသက်တာဖြင့် နေထိုင်ရပါသည်။ သို့သော်ငြားလည်း လင်းယုန်ငှက် တစ်ကောင်၏ ဘ၀အသက်ရှင်မှုကို လေ့လာကြည့်ပါ။ လင်းယုန်ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် ကောင်းကင်ယံအမြင့်ဆုံးအာကာသတွင် အတောင်ပန်ကိုဖြန့်လျက် လေဟုန်စီးကာ ၀ဲပြန်လျက်ရှိသော သတ္တ၀ါ တစ်ကောင်ကို ချက်ခြင်း မြင်လိုက်ပေလိမ့်မည်။ ထိုသတ္တ၀ါ၏ ကြီးကျယ် ခန်းနားမှုကိုလည်း ဆက်လက် လေ့လာကြည့်ပါ။ လင်းယုန်ငှက်သည် ကောင်းကင်အာကာသနှင့် သူ၏ ပိုင်နက် နယ်ပယ်တွင် ဘုရင်တစ်ပါးဖြစ် ပေသည်။ စူးရှသော မျက်လုံးအစုံဖြင့် သူ၏သားကောင်ကို မြင်နိုင်လျက် အမြင့်ဆုံး အရှိန်ဖြင့် မြေပြင်သို့ ထိုးသုတ်နိုင်စွမ်းနှင့် ချွန်မြအားရှိလှသော သူ၏လက်သည်းအစုံမှာလည်း အံ့မခန်းစရာ အစွမ်းတစ်ပါးသာ ဖြစ်သည် မဟုတ်ပါလော။ သူ၏အစာကိုလည်း မိမိအသိုက်ရှိနေရာ မည်သည့် နေရာသို့ မဆို အခက်အခဲမရှိ လွယ်ကူစွာပင် သယ်ယူနိုင်သည် မဟုတ်ပါလော။

လင်းယုန်ငှက်တွင် ရှိသော ထူးခြားချက်များကြောင့် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ အတွင်းတွင် နိုင်ငံများ၊ လူမျိုးစုများ၊ အင်ပါယာ၏ အရှင်သခင်များက ထိုငှက်ကို ငှက်တို့၏ ဘုရင်အဖြစ် အသိအမှတ်ပြု သတ်မှတ် ပြဌာန်း ခဲ့ကြသည်။ ထို့ကြောင့် ၄င်းတို့၏ အလံများ၊ ဒင်္ဂါးများ၊ တံဆိတ်တုံးများတွင် ဂုဏ်ယူစွာဖြင့် အမှတ် အသားပြု ဖော်ပြခဲ့ကြသည်။ ဘုရားသခင်သည် နှုတ်ခပတ်တော်မြတ်ထဲတွင် လေထဲတွင် ရှိသော ငှက်များ စွာရှိသော်လည်း သူရွေးချယ်သော သူတို့ကို မူကား လင်းယုန်ငှက် အဖြစ် ကိုယ်စားပြု ဖော်ပြ ပြောဆိုခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ၀ိညာဉ်ရေးရာ လင်းယုန်ငှက်များ ဖြစ်စေချင်ပါသည်။

သင်၏ ၀ိညာဉ်ရေး နိုးကြားမှုဖြစ်စေရန် လင်းယုန်ငှက်၏ အချို့သော သဘောသဘာဝ အချက်အလက်များကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့သည် လင်းယုန်ငှက်တစ်ကောင်၏ အသက်ရှင်မှုကို လေ့လာဆန်းစစ်ကြမည်။ အဘ ဘုရားသခင် လင်းယုန်ငှက်ကြီး၏ လင်ယုန်ငှက်များ ဖြစ်လာကြရန် ကျွန်တော်တို့ကို ပြင်ဆင်နေပါသည်။ ပီပြင်သော လင်းယုန်ငှက် ကလေးများဖြစ်လာရန် ကျွန်တော်တို့ကိုယ်တိုင်လည်း ကြိုးစားအားထုပ်ဘို့ လိုအပ်ပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

Comments

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။