ယုံကြည်ခြင်း
ဘုရားသခင်၏ သားဖြစ်သော သူမည်သည်ကား လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်း ပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သော သူမှတပါး အဘယ် သူသည် လောကို အောင်နိုင်သနည်း။ (၁ယော ၅း၎-၅)
ယုံကြည်ခြင်း ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို မလေ့လာ မရှာဖွေမီပင် ကျွန်တော်တို့ သိသင့်သည့်အရာမှာ ယုံကြည်ခြင်းဟု ပြောဆိုနေတိုင်း ဘုရားသခင်ကိုသာ ရည်ညွှန်း ပြောဆိုနေကြောင်း သိနားလည်သင့်သည်။ ယုံကြည်ခြင်း သည် မိမိကိုယ်ကို (သို့) မိမိ အစွမ်းအစကို ယုံကြည်ကြောင်း ပြောဆိုနေခြင်းမဟုတ်။ မိမိ၏ ပညာ အရည်အချင်း၊ အသိညဏ်၊ အလိုဆန္ဒ၊ စိတ်ခံစားမှု ... အစရှိသည် တို့ကို ယုံကြည် နေကြောင်း ပြောဆို နေခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ပြောဆိုနေသော ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် သူ၏ အစွမ်း သတ္တိကို ယုံကြည် နေခြင်း ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို သာ ဗဟိုပြု နေကြောင်း သိနားစေချင်ပါသည်။
ဘုရားသခင်က ယုံကြည်သူဟု ခေါ်သော သူ၏ လူစုတော်ကို ယုံကြည်ခြင်းနှင့် အသက်ရှင် ရန် ခေါ်ထားပြီး၊ ထို ယုံကြည်ခြင်း၏ အနှစ်သာရကိုလည်း သမ္မာကျမ်းစာ အားဖြင့် ဖော်ပြခဲ့ပြီး ထိုအရာများကို လက်ခံ ကျင့်သုံးပါက သူတို့၏ အသက်တာ ပြောင်းလဲ သွားလိမ့်မည်ဟု ဘုရားသခင်က မျှော်လင့်နေပါသည်။
သူတို့အတွက် ကမ္ဘာလောက အသစ်တစ်ခုကို ပြင်ဆင်ထားသည်။ သခင်ယေရှုက ထို အကြောင်း အရာနှင့် ပတ်သတ်၍ ပြောကြား ခဲ့သည်မှာ
"သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်။ ငါပြောပြီ မဟုတ်လော" (ယောဟန် ၁၁း၄၀)
ယုံကြည်ခြင်း ဆိုသည်မှာ တိုတောင်းသော စကားလုံး လေးမျှသာ ဖြစ်သော်လည်း ထို စကားလုံး လေးထဲတွင် ကြီးမားသော အနှစ်သာရတို့ဖြင့် ပြည့်နှက်လျှက် ရှိသည်။ မူလ အခြေအနေကို အရှိန်အဟုန် ဖြင့် ပြောင်းလဲစေသည်။ ထိုအဓိပ္ပါယ် အနှစ်သာရကို သိရှိရန် တခါတစ်ရံ လူ့ဘ၀ သက်တမ်းတစ်ခု ထက် မက ပိုမို အချိန်ပေး ရသည်။ ထာဝရ ကာလကို ရည်မှန်းပြီး ထိုအထဲတွင် အသက်ရှင်ကြည့်ဘို့ လိုအပ်ပါ သည်။ ကမ္ဘာဦး ကျမ်းမှ ဗျာဒိတ် ကျမ်း အထိ သမ္မာကျမ်းစာ တစ်အုပ်လုံးသည် ယုံကြည်ခြင်းတို့ဖြင့် ပြည့်ဝနေသည်။ ယုံကြည်ခြင်း သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေပြီး၊ မာန်နတ် (စာတန်)မှာ မူကား အလွန် မုန်းတီး သော အကြောင်းအရာ ပင်ဖြစ်သည်။
Comments
Post a Comment