ပန်းတုံးတိုင်သို့ အရောက်ပြေးကြစို့

 “ကောင်းသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ” (၂တိ ၄း၇)

 ယုံကြည်သူ တစ်ဦးသည် မိမိ၏ အသက်တာကို အစဉ်တစိုက် နှုတ်ကပတ်တော်နှင့် အညီ    ပြန်လည် သုံးသပ်ဆင်ခြင်ပြီး ပြုပြင်ကာ နေထိုင်ပြုမူသင့်ကြောင်းကို ရှင်ပေါလုက ကျွန်ုပ်တို့အား ခွန်အားပေး တိုက်တွန်းထား ပါသည်။ ရှင်ပေါလုသည် ခရစ်တော်ဘုရားနှင့် ထိတွေ့ ပြီးသည့် နောက်ပိုင်းမှ စတင်ကာ သူ၏ အသက်တာ အတွက် ထားရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်ကို အစဉ်တစိုက် မျက်မှောက်ပြု လျက်ကြိုးစား၊ အသက်ရှင် လုပ်ဆောင်ခဲ့ကြောင်းကို နှုတ်ကပတ်တော်၌ ဖတ်ရှု သိရှိနိုင်ပါသည်။ ရှင်ပေါလုသည် ယုံကြည်သူ တဦးအဖြစ် ခရစ်တော်၏ ဘုန်းကို ထင်ရှားစေရန် ဦးစားပေး အသက်ရှင်သည့် အရာကို ”ဘ၀တိုက်ပွဲ” တစ်ခုဟု တင်စား ထားပါသည်။

”သူတို့သည် ခရစ်တော်၏ ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့် ဖြစ်၏ဟု သူရူးကဲ့သို့ ဆိုရ၏။ ပင်ပန်းစွာ အမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူး  သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ဆုံသော သူဖြစ်၏။ ငါးကြိမ်မြောက်အောင် ယုဒလူတို့ လက်တွင် ဒဏ်ချက် လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့် ပစ်ခြင်းကို၎င်း၊ ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သဘောင်္ပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဥ့် ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။ အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက် သော ဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါး အမျိုးသား ပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ပင်းပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ် အစာရှောင်ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အ၀တ် အချည်းစည်း ရှိခြင်း၊ ဤဆင်းရဲခြင်း များကို ငါခံခဲ့ပြီ။” (၂ကော ၁၁း၂၃-၂၇) 

သူ၏ အသက်တာတွင် ခက်ခဲမှုများနှင့် ရင်ဆိုင် ရခဲ့သော်လည်း မလျှော့သော ဇွဲလုံ့လ အားဖြင့် ဘုရားရှင်၏ ရည်ရွယ်ချက်ကို ဆက်လက် ဆောင်ရွက် နိုင်ခဲ့ခြင်းအားဖြင့် သူ၏ သစ္စာရှိခြင်းကို ပြသနိုင်ခဲ့သည်။ သူ၏ အသက်တာ၌ ညှဉ်းဆဲနှိပ်စက်ခြင်း၊ သူ့အပေါ် နားလည်မှု လွဲခြင်း၊ လှည့်ဖျား သစ္စာဖောက်ခြင်း၊ အသက်ကို ခြိမ်းခြောက်ခြင်း စသည့်အမှုအရာများကို တွေ့ကြုံခံစားရစေကာမူ ဘုရားသခင် အပေါ်၌ ထားရှိသော သူ၏ ယုံကြည်ခြင်းသည် ပို၍ နက်ရှိုင်း လာခဲ့ပါသည်။ သူ၏အသက်တာ၊ သူ၏ ဆက်ကပ်လုပ်ဆောင်ခဲ့သော သာသနာ လုပ်ငန်းများ၌ ဘုရားရှင်လမ်းပြခြင်း၊ မစခြင်း၊ ကွယ်ကာခြင်း စသည့်အရာများကိုလည်း သိရှိရပါသည်။ ရှင်ပေါလု၏ အသက်တာ၌ တွေ့ရှိရသော အဓိက ကျသည့်လျို့ဝှက်ချက်မှာ ဘုရားသခင်အား မိမိဘ၀၏ အချုပ်အခြာ၊ အရင်းအမြစ်၊ ခိုလှုံ ကိုးစား ထိုက်သော အရှင်အဖြစ် အမြဲမျက်မှေက်ပြုကာ အသက်ရှင် လျှောက်လှမ်းနေခြင်း ပင်ဖြစ်သည်။

ထိုကြောင့် ယုံကြည်သူမိတ်ဆွေ၊ ဘုရားသခင်၌ ထားရှိသော သင်၏ယုံကြည်ခြင်း၊ ကိုးစားခြင်းသည် ရှင်ပေါလုအား သင်၏စံပြပုဂ္ဂိုလ် အဖြစ်ထား ရှိကာ သင်၏အသက်တာ၌ထားရှိသော ဘုရားသခင်၏အကြံအစည်တော်ကို ထင်ဟပ်ပေါ်လွင်စေခြင်းအားဖြင့် ရှင်ပေါလု ကဲ့သို့”ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ” (၂တိ ၄း၇)။ ဟု မိမိ၏ပုံသက်သေကို ထားခဲ့ကြပါစို့လားဟု ဆန္ဒပြုကာ တိုက်တွန်းစိန်ခေါ်လိုက်ပါသည်။

 

၂၀၁၁ ခုနှစ် စက်တင်ဘာလထုပ် စိန်ခေါ်သံ မဂ္ဂဇင်းမှ ဆရာပေါဇံ၏ ဆောင်းပါးကို ပြန်လည်ကူယူဖေါ်ပြပါသည်။

Comments

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။